အိမ်ဆိုသည်မှာ စစ်မြေပြင်မဟုတ်ပါ ---------------------------------- လူ့ဘောင်လောကီ ရှုပ်ထွေးလှသည်။ မယူ
- Khin Maung Thet
- Dec 19, 2022
- 1 min read
အိမ်ဆိုသည်မှာ စစ်မြေပြင်မဟုတ်ပါ
----------------------------------
လူ့ဘောင်လောကီ ရှုပ်ထွေးလှသည်။ မယူမီက တချစ်တည်းချစ် မျက်စိအောက်က အပျောက်မခံချင်။ လက်ထပ်ပြီးလျှင် တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင်၊ မမြင်ချင်။ လောကနိယာမသဘောတရား ဆန်းပြားလှသည်။
ခေတ်သစ်တွင် လင်ရော မယားပါ သောကတွေများလာကြသည်။ လင်မယားနှစ်ယောက် အများဆုံး တွေ့ဆုံနိုင်ချိန်က အိပ်ရာထဲတွင်သာ ဖြစ်လာသည်။ လူပန်း၊ စိတ်ပန်း၊ ကိုယ်လည်းနွမ်းကာ မခေါ်ချင်၊ မပြောချင်တွေ ဖြစ်လာကြသည်။ စိတ်တွေတို၊ အလိုတွေမပြည့်၊ အချစ်တွေ မေ့ကုန်ကြသည်။
Psychology Today တွင် အိမ်ထောင်ရှင် လင်နှင့်မယားတို့ကို
“You Can Try” ဆိုသည့် အမှာစကားလေး ပါးထားသည်ကို ဖတ်လိုက်ရသည်။ မျှဝေချင်ပါသည်
ကြိုးစားကြည့်ပါလား
(၁) နေ့တစ်နေ့၏ လုပ်ငန်းတစ်ခုကို မစတင်မီ အိပ်ရာကနိုး၊ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ကိုယ့်ဘေးက ဇနီး သို့မဟုတ် လင်ကို တစ်မိနစ်လောက် ပွေ့ဖက်ဖူးပါသလား။
အိမ်ထောင်ရှင်တိုင်း မေ့နေတတ်သည့် ကိစ္စဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုတစ်မိနစ်ဆိုသည့်အချိန်ကလေးသည် ခရီးတစ်ခုကိုဆက်ရန် ခြေလှမ်းအသစ်များ ဖြစ်သွားနိုင်သည်။
(၂) အလုပ်ထဲရောက်နေချိန် တစ်နေကုန် အလုပ်တွေ ရှုပ်နေသည်ဆိုသော်လည်း ခေတ္တနားချိန်လေးတော့ ရှိနိုင်ပါသည်။ ထိုနားချိန်လေးတွင် ကိုယ့်လင် သို့မဟုတ် ကိုယ့်ဇနီးမယားထံ ဖုန်းကတစ်ဆင့် စာတိုလေး ဖြစ်ဖြစ် ပို့ပေးဖူးပါသလား။
“စားပြီးပြီလား” ဆိုသည့် စကားလေးတစ်ခွန်းက တစ်ဖက်သားအပေါ်မည်မျှ စိတ်ကြည်နူးသွားနိုင်မည် ဆိုခြင်းကို ခန့်မှန်းကြည့်ပါ။ “ချစ်တယ်” ဟု စာမပို့နိုင်သည့်တိုင် အသည်းပုံလေးတစ်ပုံက အများကြီးတာသွား နိုင်ကြောင်း သတိပြုပါ။
(၃) ညနေ အလုပ်ကပြန်လာတိုင်း အချိန်အများကြီး မပေးပါနှင့် စားချိန်လေးမှာဖြစ်ဖြစ် ၁၀ မိနစ်လောက် စကားပြောဖို့ ကြိုးစားကြည့်ပြီးပြီလား။
တစ်ရက်ကို ၂၄ နာရီ အနက်၊ ၁၀ မိနစ်လေး အချိန်ပေးရန်ဖြစ်ပါသည်။ တီဗွီကြည့်ရင်း၊ ထမင်းစားရင်း ပြောစရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြောဖြစ်အောင်ပြောကြည့်ပါ။ ဤမျှ ရင်းနှီးနေသူနှစ်ယောက်ကြား တွင် ပြောစရာ မရှိဆိုသည်မှာ မဖြစ်နိုင်ပါ။ သူမပြောလည်း ကိုယ်ကစပြောနိုင်အောင်ကြိုးစားလိုက်ပါ။
(၄) လူတိုင်းမလုပ်နိုင်သော်လည်း လုပ်နိုင်အောင် လုပ်ကြည့်လိုက်ပါ။ အလုပ်သွားခါနီး အနမ်းလေး တစ်ချက်ဖြင့် နှုတ်ဆက်ပြီးပြီလား။
ပါးလေးကို တစ်ချက်လေးနမ်းလိုက်ခြင်းသည် နှလုံးသားပေါ်တွင် တင်းမာနေသော အစိုင်အခဲပြင်ကြီးကို အရည်ပျော်ကျသွားစေ၏။
တံခါးလေးမပိတ်မီ၊ ပါးလေးပေါ်တွင် နှုတ်ခမ်းတံဆိပ်လေးနှိပ်ကာ ချုပ်နှောင်နိုင်အောင် ကြိုးစားကြည့်ပါ။
(၅) အိမ်တစ်အိမ်လုံးတွင် စာတိုလေးတွေ ကပ်ထားပြီးပြီလား
လူတိုင်းဖုန်းပွတ်နေကြသောခေတ်တွင် ကိုယ့်ဖုန်းသာ ကိုယ်စိတ်ဝင်စားကြသည်။ ကပ်ခွာစာရွက်လေးတွေနှင့် တီဗွီပေါ်တွင်ဖြစ်စေ၊ ရေခဲသေတ္တာပေါ်တွင်ဖြစ်စေ၊ တံခါးးပေါ်တွင်ဖြစ်စေ၊ နောက်ဆုံး သူ့ဖုန်းမှန်ပေါ်တွင် ဖြစ်စေ နှုတ်ကမထွက်ရဲသည် စကားလုံးလေးတွေကို ရေးပေးဖူးပါသလား။
“ချစ်တယ်” လို့ ပြောရန် ဝန်လေးနေသူတွေအတွက် စာရွက်လေးတွေကလည်း ချစ်သက်သေဖြစ်နိုင်ပါသည်။
(၆) အကောင်းမြင်စိတ်ထား “ကျေးဇူးပါကွယ်” လို့ ပြောပြီးပြီလား
ထမင်းပဲစားစား၊ ကော်ဖီပဲသောက်သောက်၊ မုန့်လေးပဲစားစား “ကောင်းလိုက်တာကွယ် … ကျေးဇူးပဲ” ဆိုသည့် စကားလေးတစ်ခွန်းနှင့် သူတစ်ပါးကို ကြည်နူးစိတ်ချမ်းသာအောင် လုပ်ဆောင်နိုင်ပါသည်။
မကောင်း၍ အပြင်ထွက်စားမည်ဆိုသည့်တိုင် “ဒီညစာကတော့ အထူးပဲ ... ကျေးဇူးနော်” ဆိုသည့်စကားက သူ့နှလုံးသားကို အရည်ပျော်ကျသွားလိမ့်မည်။
(၇) တောင်းပန်ပြီပြီလား
အိမ်ထောင်ရှင်ဘဝတွင် သူလည်းမှားနိုင်၊ ကိုယ်လည်းမှားနိုင်သည်။ အမှားကို တောင်းပန်လိုက်ခြင်းသည် ရှေ့ခရီးအတွက် နောက်ထပ်တွန်းအားတစ်ခုဖြစ်သည်။
“ကိုယ်မှားသွားတယ်” ဆိုသည့် စကားတစ်ခွန်းက အားလုံးအဆင်ပြေသွားနိုင်သည်။
(၈) စိတ်လျှော့ပြီး အိမ်ပြန်လာသလား
အပြင်မှာ ဘာတွေဖြစ်ခဲ့သည်ဖြစ်စေ အိမ်ဆိုသည်မှာ စစ်မြေပြင်မဟုတ်ပါဆိုခြင်းကို သတိထားပါ။ အိမ်တွင်းက မိသားစုဆိုသည်မှာ ရန်သူတွေ မဟုတ်ပါ။ အိမ်ပြန်လာခြင်းမှာ တိုက်ပွဲဝင်ရန် မဟုတ်ပါ။
Home Sweet Home
Home is not battlefield
တင်ညွန့်
၁၅.၁၀.၂၀၂၀
Comentarios