top of page
Search

မျိုးရိုး သူခိုး ------------ တစ်နေ့တွင် သားဖြစ်သူက မိခင်ကို မေး၏။ “မိခင် ကျွန်ုပ်၏ ဖခင်သည် မည်သည့်

Updated: Apr 10, 2023

မျိုးရိုး သူခိုး

------------

တစ်နေ့တွင် သားဖြစ်သူက မိခင်ကို မေး၏။

“မိခင် ကျွန်ုပ်၏ ဖခင်သည် မည်သည့် အလုပ်, လုပ်သနည်း”

မိခင်ကလည်း အမှန်အတိုင်းပြော၏။

“သား သင်၏ဖခင်ကား သူခိုးဖြစ်တော့သည်”

“မိခင် သူခိုးဆိုသည်မှာ မကောင်းဟု ကျောင်းကသင်၏”

“သင့်ဖခင်ကိုလည်း သူ့ကျောင်းက ခိုးတာမကောင်းဟု သင်၏။ သို့သော် သင်၏ဖခင်ကား ခိုးခြင်းဖြင့် ချမ်းသာ ခဲ့သည်။ ခိုးခြင်းဖြင့်သာ ဤသို့နေထိုင်စားသောက်နိုင်ခဲ့ပါသည်”

“မိခင် ဤသို့ဆိုလျှင် ကျွန်ုပ်လည်း ဖခင်ထံမှ ခိုးမွေတောင်းရပါလိမ့်မည်”

“တောင်းလော့”

သားဖြစ်သူက ဖခင်ကို တွေ့သည့်အခါ

“ဖခင် ... ဖခင်ထံမှ ခိုးမွေကို သားအား ပေးတော်မူပါ”

“ချစ်သား ... ခိုးမွေဆိုသည်ကာ ပေး၍မရ ... ခိုးမွေကိုဆက်ခံချင်ပါက လက်တွေ့ရင်ဆိုင်ရသည်”

“ဖခင် ယနေ့ည ထွက်ခိုးလျှင် ကျွန်ုပ်အားခေါ်ကာ လက်တွေ့ပြပါခင်ဗျား”

“ကောင်းပြီ လိုက်ခဲ့လော့”

ထိုညတွင် သူခိုးကြီးက သားဖြစ်သူကို နန်းတော်သို့ခေါ်သွားသည်။ နန်းတော်၏ ဘဏ္ဍာတိုက်သို့ ရောက်လျှင် အတွင်းသို့ အသာလေး ဝင်ကြသည်။ ထို့နောက် ဖခင်ဖြစ်သူက အခန်းထဲမှ ပြန်ထွက်ကာ သားဖြစ်သူကို ထားခဲ့ပြီး တံခါးကို အပြင်မှ ပိတ်လိုက်သည်။ ထို့နောက်

“သူခိုး ... သူခိုး ... သူခိုး” ဟု အော်ကာ ပြေးလေ၏။

နန်းတော်ကြီးတစ်ခုလုံး နိုးကာ ဘဏ္ဍာတိုက်ကို ကာကွယ်ကြသည်။ အခန်းထဲရှိ သားဖြစ်သူမှာ ကြံရာမရသဖြင့် ဗီရိုတစ်ခုထဲကို ဝင်ပုန်းနေသည်။ လူတွေက အခန်းထဲဝင်လာပြီး ရှာကြသည်။ ဘာကိုမျှ ခြေရာလက်ရာ မပျက် သဖြင့် ပြန်ထွက်မည်အပြုတွင် ဗီရိုက ဟနေသည်ကိုတွေ့သဖြင့် သော့ခတ်လိုက်သည်။

သူခိုးသား အခက်တွေ့ပြီ။ ထွက်မရလျှင် မနက်ကျခက်မည်။ ထို့ကြောင့်

“ညောင်” ဟု ကြောင်နှင့်တူအောင် တုကာ အော်လိုက်လေသည်။

မင်းချင်းတစ်ယောက်ကလည်း ဗီရိုထဲ ကြောင်ဝင်နေသည်ထင်ကာ ဖွင့်ပေးလိုက်မှ သူခိုးသားက ခုန်ထွက်ကာ မင်းချင်းများကို တွန်းတိုက်ပြီး ပြေးလေသည်။

မင်းချင်းတွေက လိုက်ဖမ်းသည်။ မလွတ်နိုင်သည့် အနေအထားတွင် သူက ကျောက်တုံးကြီး တစ်တုံးကိုမက ရေတွင်းထဲ ပစ်ချလိုက်သည်။

“ဝုန်း” ဆိုသည့် အသံကြောင့် မင်းချင်းတွေက ရေတွင်းထဲကို မီးတုတ်များဖြင့် ရှာကြစဉ် သူလွတ်မြောက် သွားလေတော့သည်။

အိမ်သို့ ပြန်ရောက်လာသည့်အခါတွင် ဖခင်ဖြစ်သူက အိမ်ဦးခန်းတွင် အမြိန့်သားထိုင်ကာ ရေနွေးသောက် နေ၏။

“ဖခင် မည်သို့ လုပ်လိုက်သနည်း။ သားအပေါ် အတော်လေး ရက်စက်ပါသည်။ သားအရင်းမှ ဟုတ်ပါ၏လော”

“သား ... သင်မည်သို့ လွတ်မြောက်လာသနည်း”

သားဖြစ်သူက သူလွတ်မြောက်လာပုံကို ဖခင်အား ပြောပြသည်။

“ငါ့သား ... သင်ကား အမှန်တကယ် သူခိုးဖြစ်ပြီ။ ယနေ့မှစပြီး ဖခင်နားတော့မည်။ ငါ့သားကတစ်ဖန် ဖခင်ကို ပြန်ခိုးကာ ကျွေးလော့” ဟုဆိုလိုက်သည်။

ဤသို့ဖြင့် သူခိုးသံသရာမှာ မဆုံးနိုင်စွာလည်ပတ်လျက်ရှိနေပါသည်။

ချောင်းရိုး မြောင်းရိုးသာ တိမ်ကောမည်၊ သူခိုးမျိုးရိုးကား မတိမ်ကောနိုင်အောင်ရှိချေ၏။

(Learning the Trade)

တင်ညွန့်

၃၁.၁.၂၀၂၁

 
 
 

Recent Posts

See All
Marry Christmas praying

as bright as the Christmas lights because you deserve it all. Have a great year and a wonderful life ahead!

 
 
 
GitHub

Triage notifications, review, comment, and merge, right from your mobile device There’s a lot you can do on GitHub that doesn’t require a...

 
 
 
The best speech for today.

♦️♦️ယနေ့အကြိုက်ဆုံးစကား♦️♦️ (၁) ထက်မြက်တာနဲ့ အထက်စီးကဆက်ဆံတာ မတူပါ။ (၂) စွာတာနဲ့ မိုက်ရိုင်းတာ မတူပါ။ (၃) နားလည်အောင်ရှင်းပြတာနဲ့...

 
 
 

Comments


Post: Blog2_Post
  • Facebook
  • Twitter
  • LinkedIn

©2022 by K academy. Proudly created with Wix.com

bottom of page