The five theives of Buddha sasana
- Khin Maung Thet
- Dec 20, 2022
- 1 min read
သာသနာ၏ ခိုးသူကြီး ငါးဦး
--------------------------
သာသနာတွင် ခိုးသူကြီး ငါးဦးရှိကြောင်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
“ပဉ္စိမေ ဘိက္ခဝေ မဟာစောရာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ” ဟု ဟောကြားတော်မူခဲ့ပါသည်။
ပထမသူခိုး
ယုတ်မာသောစိတ်ထားဖြင့် အခြွေအရံ ပရိသတ်များအောင်လုပ်သည်။ ထိုအခြွေအရံများ၏ ဝန်းရံခြင်းဖြင့် မင်းနှင့် မှူးမတ်တို့၏ အပူဇော်ကိုခံကာ မြို့ရွာများတွင် လှည့်လည်သည်။ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေးစသည့် လာဘ်လာဘများ ပေါများရေးကိုသာ အားထုတ်သည်။ မြို့တကာလှည့်ကာ ပူဇော်ပွဲတွေ ခြိမ့်ခြိမ့်ညံအောင် လုပ်နေသော ပုဂ္ဂိုလ်သည် သာသနာ၏ ပထမသူခိုးကြီး ဖြစ်သည်။
ဘုရားရှင်က သာသနာ့ဝန်ထမ်း ရဟန်းဆိုသည်မှာ ဂန္ထဓုရ ဆိုသော ကျမ်းဂန်များကို အားထုတ်ခြင်း၊ ဝိပဿနာဓုရ ဆိုသော ဝိပဿနာတရားများကို အားထုတ်ခြင်းတို့ကို ပြုရမည်ဟု ဆုံးမသွန်သင် ညွှန်ကြားခဲ့ပါ သည်။ စာသင်လျှင်သင်၊ မသင်လျှင် တရားအားထုတ်ရန်သာဖြစ်သည်။
မြို့ရွာများကိုလှည့်လည်ပြီး ပစ္စည်းလေးပါးကို ပွားများသည်ထက် ပွားများအောင် ကြံခြင်းသည် ဓားပြတိုက်ခြင်း တစ်မျိုးဖြစ်ပြီး ထိုပုဂ္ဂိုလ်ကို ဘုရားရှင်က ပထမ မဟာစောရဟု သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဒုတိယသူခိုး
ဒုတိယသူခိုးမှာ ပိဋကတ်တော်များ၊ ဘုရားဟော တရားများကို ဆရာသမားတို့ထံတွင် သင်ကြားတတ် မြောက်သည်။ ဆရာ့ထံမှ သင်ကြားထားသော တရားများကို တစ်ဆင့် ပြန်လည်ဟောကြားသည်။ ထိုဟောကြားချက်များကို လူတို့က အံ့အားသင့်ပြီး အရှင်ဘုရား ဤဟောကြားချက်ကို မည်သူ့ထံက ရပါသနည်း၊ မည်သူဟောကြားပါသနည်း၊ မည်သည့်ကျမ်းကနည်း စသည်ဖြင့် လျှောက်ထား မေးမြန်းကြသည်။
ထိုသို့ မေးမြန်းသည့်အခါတွင် မည်သည့် ပိဋကတ်၊ မည်သည့် သုတ္တန်၊ မည်သည့် နိကာယ်ကလာသည်ဟု ပြောရမည့်အစား ဤတရား၊ ဤဟောပြောမှုများမှာ ငါသာပြောတတ်၊ ငါသိ၊ ငါတတ်လုပ်သည်။ ဘုရားဟောဟု မပြောဘဲ မိမိက တီထွင်ဟောသယောင်ဖြင့် ဘုရားတရားကို ကိုယ့်တရားလုပ်သည်။
ထိုသို့ လူအထင်ကြီးစေရန် ထိမ်ဝှက်ပြောဆိုတတ်သူမှာ တရားခိုးသော ဒုတိယသူခိုးကြီးသာဖြစ်သည်။
တတိယသူခိုး
မိမိကိုယ်တိုင်က သီလစင်ကြယ်သူ မဟုတ်။ သို့သော် သီလစင်ကြယ်စွာဖြင့် သာသနာတော်ကို စောင့်ရှောက် နေသူပုဂ္ဂိုလ်အား သီလမစင်ကြယ်သူအဖြစ် စွပ်စွဲ ပုတ်ခတ်သူဖြစ်သည်။
ကိုယ်တိုင်က သီလမရှိ၊ သူတစ်ပါးသီလကို သွားဖျက်သူမှာ တတိယသူခိုးကြီး ဖြစ်သည်။
စတုတ်ထသူခိုး
သံဃိကအဖြစ် လှူဒါန်းထားသော ပစ္စည်း လာဘ်လာဘများကို ဒကာ ဒကာမများအားပေးကာ ဖြားယောင်း သူသည် သံဃိကပစ္စည်းကို ခိုးသူဖြစ်သည်။ ထိုသို့ ခိုးသည့် ပစ္စည်းဖြင့် ဒကာ ဒကာမကို မျက်နှာလုပ်ကာ မိမိ အရှိန်အဝါ ကြီးအောင်လုပ်သူမှာ စတုတ္ထခိုးသူကြီးဖြစ်ပါသည်။
ပဉ္စမသူခိုး
လောကတွင် အယုတ်မာဆုံး ခိုးသူကြီးဖြစ်သည်ဆို၏။ အကြင်ပုဂ္ဂိုလ်သည် ဈာန်တရားများ၊ မဂ်တရားများ၊ ဖိုလ်တရားများ မရဘဲ ရသည်ဟု ပြောသည်။ မသိဘဲ သိသည်ဟုပြောသည်။ မရှိဘဲ ရှိသည်ဟုပြောကာ ဝါကြွား ပလွှားသူဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ လောကကြီးတွင် အယုတ်ဆုံး ခိုးသူကြီးဖြစ်၏ဟု ဘုရားရှင်က ဟောကြား တော်မူခဲ့ပါသည်။
(ရည်ညွှန်းကိုးကား - အရှင်ဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရားတော်များ၊ စတုတ္ထတွဲ၊ ဝသလသုတ္တန် တရားတော်)
တင်ညွန့်
၁၇.၁၂.၂၀၂၁
Comentarios